မိတ္ထီလာ၊ ၂၇ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ငါးဆက္ကန်ကျေးရွာတွင် လျှပ်စစ်ဓာတ်အားရရှိလာသဖြင့် ဒေသခံပြည်သူများ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဆောင်ရွက်လာနိုင်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများက ပြောပြ၍ သိရသည်။
ဆည်ကုန်းကျေးရွာအုပ်စု ငါးဆက္ကန်ကျေးရွာတွင် အိမ်ခြေ ၁၄၀ လူဦးရေ ၆၃၀ ကျော်ရှိရာ ယခင်က ကျေးရွာရှိ ဒေသခံအများစုမှာ ကျေးရွာနှင့် ၂ မိုင်ကွာဝေးသည့် သဖန်းကျေးရွာသို့ သွားရောက်ပြီး နေ့စဉ် နံနက် ၇ နာရီမှ ည ၈ နာရီအထိ အထည်ချုပ်လုပ်ငန်းကို သွားရောက်လုပ်ကိုင်လျက်ရှိရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ကျေးရွာတွင် လျှပ်စစ်မီးရရှိလာသဖြင့် သဖန်းကျေးရွာသို့ သွားရောက်လုပ်ကိုင်ခြင်း မပြုတော့ဘဲ မိမိတို့နေအိမ်များတွင် မော်တာစက်များထောင်၍ အထည်ချုပ်ခြင်း လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်ကြသလို ကျေးရွာအတွင်းရှိ အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေအိမ်များတွင်လည်း သွားရောက်လုပ်ကိုင်လျက်ရှိကြသည်။ ယင်းသို့ မိမိတို့ကျေးရွာတွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရသဖြင့် ယခင်က သဖန်းကျေးရွာသို့ သွားရောက်လုပ်ကိုင်ရာတွင် တစ်နေ့ ငွေကျပ် ၈၀၀၀ ရရှိရာမှ ယခုဆိုလျှင် တစ်နေ့ ငွေကျပ် ၁၀၀၀၀ ကျော် ရရှိလာသည့်အပြင် အချိန်ကုန်သက်သာပြီး ဝင်ငွေလည်း တိုးလာကြောင်းနှင့် ငါးဆက္ကန်ကျေးရွာသို့ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးသည့် နိုင်ငံတော်နှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ပါကြောင်း ငါးဆက္ကန်းကျေးရွာမှ လျှပ်စစ်ဓာတ်အားဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသူ မနီနီဝင်းရွှေက ပြောသည်။
ဆက်လက်၍ ငါးဆက္ကန်ကျေးရွာတွင် လျှပ်စစ်ဓာတ်အားဖြင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသူ ဦးထိန်လင်းက လျှပ်စစ်ဓာတ်အား သုံးစွဲခြင်းကြောင့် ရက်ကန်းလုပ်ငန်းများ တွင်ကျယ်လျက်ရှိကြောင်း၊ ရက်ကန်းစင် ခြောက်စင်ရှိပြီး လျှပ်စစ်မီးမရရှိမီက အင်ဂျင်မီးစက် အသုံးပြုရသဖြင့် တစ်လလျှင် ဆီ ကုန်ကျစရိတ်မှာ ငွေကျပ် ၂၄၀၀၀၀ ရှိရာမှ လျှပ်စစ်မီးရရှိပြီးနောက်ပိုင်းတွင် ရက်ကန်းစင်နှစ်စင် ထပ်မံတိုးချဲ့ လုပ်ကိုင်သော်လည်း တစ်လလျှင် မီတာခ ငွေကျပ် ၈၀၀၀၀ ကျော် ၉၀၀၀၀ သာ ကုန်ကျသဖြင့် ကုန်ကျစရိတ် သက်သာကြောင်း၊ ၂၄ နာရီ လည်ပတ်နိုင်၍ လုပ်ကိုင်တွင်ကျယ်လျက်ရှိသောကြောင့် ကျေးရွာအတွင်း၌ ရက်ကန်းလုပ်ငန်းအပြင် အထည်ချုပ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်းများလည်း တိုးတက်လာလျက်ရှိကြောင်း ပြောသည်။
အဆိုပါ ငါးဆက္ကန်ကျေးရွာတွင် ကျေးရွာမီးလင်းနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၁/၀ ဒသမ ၄ ကေဗွီ (၁၆၀)ကေဗွီအေ ထရန်စဖော်မှာ (၁)လုံးနှင့် ၁၁ ကေဗွီဓာတ်အားလိုင်း (၁ ဒသမ ၂) မိုင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ခွင့်ပြုငွေ (၄၁ ဒသမ ၃၆)သန်းဖြင့် တည်ဆောက်တပ်ဆင်ပြီး ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း ပေ(၄၀၀)အား ကျေးရွာမှ ထည့်ဝင်ငွေ ကျပ်(၁၇ ဒသမ ၅) သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကျေးရွာတွင်း လျှပ်စစ်မီးလင်းနိုင်ခဲ့သည့်အချိန်မှ ယခုအချိန်အထိ တစ်နှစ်ပြည့်ချိန်တွင် ကျေးရွာအတွင်းရှိ အိမ်တိုင်းနီးပါး လျှပ်စစ်မီးသုံးစွဲနေပြီဖြစ်ရာ ကျေးရွာတွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများက ၎င်းလျှပ်စစ်မီးကို အသုံးပြု၍ ရက်ကန်းလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ကြသည့်အပြင် သဖန်းတို့သွားရောက်၍ အထည်ချုပ်လုပ်ကိုင်သူများက မိမိတို့နေအိမ်များတွင် တစ်ပိုင်တစ်နိုင် အထည်ချုပ်လုပ်ငန်းများကိုလည်း အိမ်တိုင်းနီးပါး လုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


