မိတ္ထီလာ၊ ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ် စကားဝိုင်းကို ဇူလိုင် ၁၃ ရက်က အခြေခံပညာအထက်တန်းကျောင်း(ညောင်ကိုင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းနှင့် မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်တို့က အမှာစကား ပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်ကာ အခြေခံပညာအထက်တန်းကျောင်း(ညောင်ကိုင်း)မှ Grade-11 တွင် ပညာ သင်ယူနေသော ကျောင်းသား ကျောင်းသူများက လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် သူ၏ဝါသနာ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူ များက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ် စာစောင် များနှင့် နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)