မိတ္ထီလာ  ၂  မတ်

 

မိတ္ထီလာမြို့နယ် ကန်နီကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၌ ( ၆၁ )ကြိမ်မြောက်  ဆုတောင်းချမ်းသာ ရွှေဘုံသာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဖိတ်ခေါ်မြန်မာ့ရိုးရာ မြင်းဒုန်းစီးပြိုင်ပွဲကို မတ်လ ၁၀ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

နှစ်စဉ် ညောင်ကုန်းကျေးရွာ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပတိုင်း မြန်မာ့ရိုးရာမြင်းပြိုင်ပွဲကို ထည့်သွင်း ကျင်းပခဲ့တာပါ။ ခါတိုင်းနှစ်တွေက မြင်းပြိုင်ပွဲကို အလွတ်တန်းဖိတ်ခေါ်အနေနဲ့ တစ်ရက်တည်း ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်က အကြီးတန်းဒုန်းစီးပြိုင်ပွဲ နဲ့ အငယ်တန်း ဒုန်းစီးပြိုင်ပွဲဆိုပြီး အတန်းလိုက်ကျင်းပမှာဖြစ်ပါတယ်။ခါတိုင်း မြို့နယ်အတွင်းက မြို့ပေါ်နဲ့ ကျေးရွာတွေက မြင်းစီး ဝါသနာရှင်တွေပဲ ယှဉ်ပြိုင်ခဲ့ပေမယ့်  ဒီနှစ်တော့အနယ်နယ်အရပ်ရပ်က မြင်းစီးဝါသနာရှင်တွေ လာရောက်ပါဝင် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားတာမို့ မြင်းပြိုင်ပွဲကို မတ်လ ၁ဝ ရက်နေ့က ၁၂ ရက်နေ့အထိ  စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ထားပါတယ်ဟု မြင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ မိတ္ထီလာခရိုင် မြင်းစီးအသင်း ဥက္ကဋ္ဌ ဉီးအောင်မြတ်ထွန်းက ပြောသည်။

 

အဆိုပါ  ဖိတ်ခေါ်မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကြေး နှစ်သောင်းကျပ် သတ်မှတ်ထားပြီး အငယ်တန်း မြင်းဒုန်းစီးပြိုင်ပွဲတွင် ပထမ ငါးသိန်းကျပ်၊ ဒုတိယ သုံးသိန်းကျပ်၊ တတိယ နှစ်သိန်းကျပ်နှင့် အကြီးတန်း မြင်းဒုန်းစီးပြိုင်ပွဲတွင် ပထမ ငါးသိန်းကျပ်၊ ဒုတိယ သုံးသိန်းကျပ်၊ တတိယ နှစ်သိန်းကျပ် တို့ကို ဆုကြေးငွေ သတ်မှတ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ )