မိတ္ထီလာ ၅ မေ
မိတ္ထီလာမြို့နယ်၌ ရှင်မြို့ကျေးရွာအပါအဝင် ကျေးရွာငါးရွာဖြတ်သန်းသွားလာသော အောင်ရတနာ တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးနိုင်ရန် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နှင့် ရှင်မြို့ကျေးရွာအပါအဝင် အုတ်နှဲပုတ်၊ ကျောက်ဖြူကုန်း၊ ဂဠုန်ကုန်း၊ ခါးကော့ ကျေးရွာများနှင့် ဆက်သွယ်သွားလာသည့် လမ်းပေါ်ရှိ ရှင်မြို့ကျေးရွာ အောင်ရတနာတံတားမှာ မုန်တိုင်ဆည် မှ မိတ္ထီလာကန်အတွင်း ရေစီးဝင်သည့် နတ်စင်ချောင်းပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားခြင်းဖြစ်သည်။
၎င်းအောင်ရတနာတံတားကို ၂၀၁၆-၂၀၁၇ ခုနှစ်က ရှင်မြို့ကျေးရွာရှိ ဒေသခံပြည်သူများက စုပေါင်း၍ အလျား ပေ ၉၀ ရှိ သစ်သားတံတားကို ကိုယ်ထူးကိုယ်ထ တည်ဆောက်ခဲ့သော်လည်း အဆိုပါတံတားမှာ ခိုင်ခံ့မှုမရှိဘဲ ချောင်းရေကြီးပြီး ရေတိုက်စားသဖြင့် ပျက်စီးခဲ့၍ တံတားရေရှည်တည်တံ့ပြီး ခိုင်ခံမှုရှိစေရန် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်၍ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၂၅)သိန်းနှင့် ကျေးရွာသူ ကျေးရွာသားများ၏ စုပေါင်းထည့်ဝင်ငွေဖြင့် အလျားပေ ၈၀ ၊ အကျယ် ၁၅ ပေရှိ သံကူ ကွန်ကရစ် တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ သံကူကွန်ကရစ်တံတားကို တည်ဆောက်ခဲ့သော်လည်း ရှင်မြို့ကျေးရွာတွင် အိမ်ခြေ ၁၁၇ အိမ်ရှိပြီး အများစုမှာ နေ့စားအလုပ်သမားသာ များ၍ တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးနိုင်ရန် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ၎င်းတံတားပေါ်မှ ဒေသခံပြည်သူများ ယာယီသွားလာနိုင်ရန် သစ်သားများ ခင်းခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အောင်ရတနာတံတား တည်ဆောက်ခြင်းလုပ်ငန်းဦးဆောင်သူ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


