မိတ္ထီလာ ၃၀ ဇန်နဝါရီ
မိတ္ထီလာမြို့နယ် ရုံးတောလေးကျေးရွာအနီး မီးရထားသံလမ်းဘေးရှိ လယ်ကွင်းထဲမှ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက စစ်ကျန်ဗုံးသီးဟောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
ရုံးတောလေးကျေးရွာအနီး မီးရထားသံလမ်းဘေးရှိ ဦးသိန်းထွေး သဲကုန်းကျေးရွာမှ ပိုင်ဆိုင်သည့် ကွင်းအမှတ် (၇၅၀၇) ရှိ လယ်ကွက်ထဲမှ အရှည် ၂ ပေခွဲ အနံ ၁ ပေခွဲခန့်ရှိ အပါချီတံဆိပ်ပါ ဘိလပ်မြေအိပ်ခွံအား ထိပ်မှ ချည်နှောင်ထားသည်ကို တွေ့ရှိရသဖြင့် ၎င်းအိတ်အား မသင်္ကာသဖြင့် ဖွင့်ကြည့်ခဲ့ရာ အိတ်အတွင်း၌ သံချေးတက်နေသည့် စက်ကျန်ဟု ယူဆရသော အရှည် (၁၂)လက်မ ၊ လုံးပတ် (၉)လက်မခန့်ရှိ စစ်ကျန် ဗုံးသီးဟောင်း(သံချေးတက်/သုံးမရ) (၃)လုံးကို တွေ့ရှိရသဖြင့် ရုံးတောလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဌေးထံသို့ အကြောင်းကြားခဲ့သည်။
ထိုမှတစ်ဆင့် မြို့မရဲစခန်းသို့ ဆက်လက်အကြောင်းကြားခဲ့ရာ မြို့မရဲစခန်းမှ ဒုရဲအုပ်သက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါ စစ်ကျန်ဗုံးသီးဟောင်းများကို သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူ များထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)