မိတ္ထီလာ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု တောမကျေးရွာရှိ ဂိုဏ်းထောက် ကျောင်းတိုက်တွင် ဉာဏ်တော် အလျား၇၂ ပေရှိသော လျောင်းတော်မူ မြသာလျောင်းဘုရား ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကို တည်ထားလျက်ရှိပြီး မကြာမီ တည်ထားပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
တောမကျေးရွာ ဂိုဏ်းထောက်ကျောင်းတိုက်အတွင်းမှာ ဉာဏ်တော်အလျား ၇၂ ပေ ၊ ကိုယ်လုံးတော် အနံပေ ၂ဝ အမြင့်ရှိတဲ့ လျောင်းတော်မူ မြသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကို တည်ထားလျက်ရှိပြီး တည်ထားမှု ၈ဝ ရာခိုင်နှုန်းကျော် ပြီးစီးသွားပါပြီ။ မကြာမီ တည်ထားပြီးစီး မှာဖြစ်ပါတယ်။ အခြားရင်ပြင်တော် ခင်းမယ့်အပိုင်းတွေတော့ ကျန်ဦးမှာပါ။ ဒီလျောင်းတော်မူ မြသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဂိုဏ်းထောက်ကျောင်းတိုက် ဦးစီးပဓနနာယကဆရာတော် ဘဒ္ဒန္တကောဝိဒ လက်ထက်မှာ စတင်တည်ထားခဲ့တာဖြစ်ပါတယ်။ ပြောရရင်လွန်ခဲ့တဲ့ သုံးနှစ်ကျော် ၂ဝ၁၈ ခုနှစ်ခန့် စတင်တည်ထားခဲ့တာဖြစ်ပါတယ်ဟု အဆိုပါ ဂိုဏ်းထောက်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော ဘဒ္ဒန္တဝိမလထံက မိန့်ကြားသည်။
မိတ္ထီလာမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်များထဲတွင် ဉာဏ်တော် အရှည်လျားဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ဖြစ်လာမည့် အဆိုပါ ဉာဏ်တော် အလျား ၇၂ ပေ၊ ကိုယ်လုံးတော် အနံပေ ၂ဝ အမြင့်ရှိသော မြသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကို အများစုပေါင်းကောင်းမှုဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး အဆိုပါတည်ထားကိုးကွယ်မှုတွင် ပါဝင် လှူဒါန်းလိုသူများအနေဖြင့် ဘဒ္ဒန္တဝိမလ ၀၉-၇၇၄ဝ၉၃၁၅၈ သို့ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ကြောင်း သိ ရသည်။
ချမ်းသာ ( မိတ္ထီလာ)