မိတ္ထီလာ ၂၂  ဇန်နဝါရီ

 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ(၅၀) ကျော်တွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများအား တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရာမှ စီးပွားဖြင့်လုပ်ကိုင်နိုင်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့်ညီသည့် ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀ဝ)ဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ထုတ်ချေးပေးပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

 

၎င်း မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၄၈)ရွာကို ထုတ်ချေးပေး နိုင်ခဲ့ပြီဖြစ်သည်။ ယင်းအပြင်၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင်လည်း ပျော်ဘွယ်(စံပြ)၊ ကုက္ကိုတော-တမာပင်နှင့် မုန်တိုင်ကျေးရွာ(၃)ရွာ ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါ စီမံကိန်းရန်ပုံငွေများထုတ်ချေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ထုတ်ချေးပေးခြင်းဖြစ်သည်။ ထိုသို့ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရာတွင် စနစ်တကျရှိစေရေးနှင့် စာရင်းဇယားများရေးသွင်းရာ၌ အမှားအယွင်း မဖြစ်ပေါ်စေရေးတို့အတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီဝင်များကို  သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း” မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဝင်ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊အရောင်းအဝယ်၊ လက်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်သည့်အပြင် စီမံကိန်း ရန်ပုံငွေမှ ရရှိသည့် အတိုးများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)