မိတ္ထီလာ  ၃၀  အောက်တိုဘာ

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း (၇၄)ကျောင်းမှ ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာပစ္စည်း (၁၅)မျိုးပါ Package ၅၀ဝ၀ ကျော်အား တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်းဒေးရှင်းမှ ပေးအပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ လှူဒါန်းမှုအနေဖြင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်းဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံခွဲမှ တာဝန်ခံ ဦးနေဝင်းထွန်းမှ မိတ္ထီလာမြို့နယ် မယ်ဇလီပင်ကျေးရွာရှိ အမှတ်(၃၀) အခြေခံပညာ မူလတန်းကျောင်းသို့ ယနေ့  မွန်းလွဲ ၂ နာရီက  ကျောပိုးအိတ်နှင့် စာရေးကိရိယာ (၁၅)မျိုးပါ Package များအား ကျောင်းသား ကျောင်းသူ များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

m+

မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ လွယ်အိတ်နှင့် ကျောင်းသုံး စာရေးကိရိယာများ လိုအပ်ချက် ပူပင်မှုမရှိဘဲ အဆင်ပြေပြေဖြင့် အသုံးပြုနိုင်စေရန်နှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည် တည်တံ့နိုင်စေရန်အတွက် အခြေခံပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်(၁၅)မြို့နယ်မှ စာရေးကိရိယာ လိုအပ်နိုင်သည့် အခြေခံပညာ မူလတန်းကျောင်းများကို ရွေးချယ်၍ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်းဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံခွဲမှ တာဝန်ခံ ဦးနေဝင်းထွန်းက ပြောသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)