မိတ္ထီလာ  ၂၅   အောက်တိုဘာ

 

မိတ္ထီလာမြို့နယ်၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ သိန်း(၁၀၀)ဖြင့် ကျေးရွာ (၂၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် ကျေးလက်ကုန်ထုတ်လမ်း များ ကောင်းမွန်စေရန်နှင့် သောက်သုံးရေအဆင်ပြေစေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ သိန်း(၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းစီမံကိန်းသည် ကျေးလက်နေပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို   ကိုယ်တိုင်စီမံချက်ရေးဆွဲပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရှိသည်။

 

အဆိုပါစီမံကိန်း ကျေးရွာများ ရွေးချယ်ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ကျေးရွာ ၊ သောက်သုံးရေအဆင် မပြေသည့် ကျေးရွာများဖြစ်ပြီး ကျေးရွာလူထုမှလည်း အမှန်တကယ်ပူးပေါင်းဆောင်ရွက်လိုသည့် ကျေးရွာများကို အဓိက ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။

 

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို သဖန်းပင်ရိုး၊ မကျီးချောက်၊ ပေါက်ပင်အိုင့်၊ တုံးအိုင်၊ ထနောင်းကန်၊ မွေ၊ လျှော်ဖြူကန်၊ ဖလံကျင်း၊ ရေချို၊ အုံတုံ၊ ခင်လူး၊ ညောင်ကန်၊ ချုံစွန်း၊ မောက်လောက်၊ ပိတောက်ပင်၊ ရုံးတောကြီး၊ ရွာတန်းရှည်၊ မယ်ဇလီပင်၊ ပျော်ကုန်း၊ နဘဲကုန်း၊ ဆည်ကုန်း၊ လိန်တော၊ ပျဉ်သာ၊ ညောင်ဇောက်၊ အင်ပင်ဝကျေးရွာနှင့် အရာတော်ကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)