မိတ္ထီလာ၊ ၁၇ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅ သန်းကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ၄၀၀ ဗို့(စ်) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် စက်ရေတွင်း တူးဖော်ခြင်း၊ မြေသားရေကန်များ တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅ ဒသမ ၉၈ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ၄၀၀ ဗို့(စ်) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးရွာခုနစ်ရွာတွင် တင်ဒါအောင်မြင်သည့် Four G Co., Ltd ဆောင်ရွက်သွားမည် ဖြစ်သည်။

 

အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းများကို အိုးအိုင်ကုန်း၊ လျှော်ဖြူပင်၊ ဂဠုံကုန်း၊ သဖန်းပင်ရိုး၊ ဒဟတ္တန်း၊ ကန်ကြီးကုန်းကျေးရွာနှင့် သဘွတ်ကုန်းကျေးရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)