မိတ္ထီလာ   ၂၅   မတ်

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် Public Finance Initiative (PFI)စနစ်ဖြင့် လျှပ်စစ် မီးလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ (၈၆)ရွာကို ဇွန်လတွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။

 

2

 

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၈)အုပ်စု ကျေးရွာ(၃၈၀)ရှိသည့်အနက် ကျေးရွာ(၂၁၄)ရွာမှာ လျှပ်စစ်မီးလင်းပြီးဖြစ်ရာ ကျန်ရှိသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားဖြင့် မီးလင်းနိုင်ရေးအတွက်   တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် လည်းကောင်း၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NPE) စနစ်ဖြင့်လည်းကောင်း၊ Public Finance Initiative (PFI) စနစ်ဖြင့် လည်းကောင်း၊ ကိုယ်ထူးကိုယ်ထစနစ်ဖြင့် လည်းကောင်း ဆောင်ရွက် လျက်ရှိသည်။

 

မြို့နယ်အတွင်း ကျန်ရှိသည့်ကျေးရွာ(၁၆၆)ရွာအနက် (၁၁)ကေဗွီ ဓာတ်အား လိုင်းနှင့် (၂)မိုင်အတွင်းရှိ ကျေးရွာ(၁၃၈)ရွာကို မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ   အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (NPE) စနစ်ဖြင့် (၂၈)ရွာ၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် (၂၀)ရွာ၊ Public Finance Initiative (PFI)စနစ်ဖြင့် (၈၆)ရွာ။ကိုယ်ထူကိုယ်ထစနစ်ဖြင့် (၄)ရွာတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အနက် Public Finance Initiative (PFI)စနစ်ဖြင့် IGE Power Company မှ ၂၀၁၉ခုနှစ် မေလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ကျေးရွာ(၈၆)ရွာမှာ  ဇွန်လအတွင်း၌ လျှပ်စစ်ဓာတ်အားဖြင့် မီးလင်း နိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်က ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)