မိတ္ထီလာ ၄ မတ်
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူး တံတား တည်ဆောက်ပြီးစီး၍ ဒေသခံများ သွားလာအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့ နွားပွဲဈေးတောင်ဘက်ရှိ ကျေးရွာ (၁၇) ရွာ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် လမ်းမရှိပြီး ၎င်းကျေးရွာချင်း လမ်းမပေါ်တွင် မုန်တိုင်ဆည်နှင့် ညောင်ကုန်းတမံတို့မှ မိတ္ထီလာကန်သို့ ဆက်သွယ်ထားသော ရေသွင်းမြောင်းလက်တံနှစ်ခုဆုံရာ၌ အရှည် (၅၅) ပေ အကျယ် (၁၂) ပေရှိ ချောင်းကူး သစ်သားတံတားကို နွားစမ်းတောင်ကျေးရွာ ရွှေလက်လှ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ဆရာတော် ဘဒ္ဒန္တခမေသက ဦးဆောင်၍ ဒေသခံများက စုပေါင်းကာ အရှည် ပေ ၆၀ ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ် တံတားကို ဇန်နဝါရီ ၂၅ ရက်နေ့မှ စတင်၍ တည်ဆောက်ခဲ့ရာ ၎င်းသံကူကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်ကြောင်း ဦးတင်သန်း အင်ဂျင်နီယာ (ငြိမ်း)မှ ပြောကြားခဲ့သည်။
ယခင်က နွားစမ်းတောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသထွက်သီးနှံများ သယ်ယူ ပို့ဆောင်ရာတွင် အသုံးပြုကြပြီး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းသား/ ကျောင်းသူများ ကျောင်းတက် ပညာသင်ယူကြရာ၌ အသုံးပြုလျက်ရှိသည့် နွားစမ်းတောင် ချောင်းကူးသစ်သားတံတားမှာ ဆွေးမြေ့ဟောင်းနွမ်း ပျက်စီးနေရာ နေ့စဉ်ဖြတ်သန်းသွားလာသည့် ကျေးလက်နေ ပြည်သူများအတွက် အန္တရာယ်ရှိသောကြောင့် နွားစမ်းတောင်ကျေးရွာ ရွှေလက်လှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဦးဆောင်၍ ဒေသခံများက စုပေါင်းကာ ကုန်ကျငွေ သိန်း(၁၇၀)ကျော်ဖြင့် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း နွားစမ်းတောင်ကျေးရွာ ရာအိမ်းမှူး ဦးထွန်းလင်းက ပြောကြားခဲ့သည်။
၎င်းနွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီး၍ ကျေးရွာ (၁၇) ရွာမှ ဒေသခံပြည်သူများ သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


