မိတ္ထီလာ  ၂၈  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project(VRFP) စီမံကိန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာ (၁၇)ရွာတွင်  စီမံကိန်းရန်ပုံငွေ ကျပ် သိန်း(၄၀ဝ၀) ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံတောင်သူများ၊ အသေးစားစီးပွားရေးလုပ်ကိုင်နေသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Village Revolving Fund Project (VRFP) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင်(VRFP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၀ဝ၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးရွာ အတွင်းရှိ အိမ်ခြေ အနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်သည်။

 

အဆိုပါ စီမံကိန်းရန်ပုံငွေများအား ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့ ၊ ကံခြား မြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန် ကျေးရွာများမှ ဒေသခံပြည်သူများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကျေးရွာ အရောက် ကွင်းဆင်း၍ ထုတ်ချေးပေးအပ်ခဲ့ပြီးရာ ယခုဆိုလျင် ၎င်းစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project(VRFP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၄၀ဝ၀)ဖြင့် ကျေးရွာ (၁၇)ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၉၀၃)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၅၆)ဦး၊   ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၆)ဦးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၇)ဦးရှိရာ   ယင်းစီမံကိန်းဖြင့် ကျေးရွာ (၁၇)ရွာမှ အိမ်ထောင်စု ၁၁၇၃ ဦးကို အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)