မိတ္ထိလာ ၂ ဇန်နဝါရီ
မိတ္ထီလာမြို့နယ်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စာပေဟောပြောပွဲတွင် မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကား ပြောကြားပြီး မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်က စာပေ ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ မောင်သစ်ဝေ(မြင်းခြံ)က ကျောင်းသားနှင့် ငြိမ်းချမ်းရေးတာဝန် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ညီပုလေးက ပြည်သူထဲက ဝတ္ထုများ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီး မိတ္ထီလာတက္ကသိုလ်မှ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်နှင့် တာဝန်ရှိသူများက စာရေးဆရာများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာပေဟောပြောပွဲကို မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ဦးသန်းတိုးအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)