မိတ္ထီလာ၊ ၁၈ မေ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၁၈ ရက် နံနက် ၁၀ နာရီက မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ချန်းကျန်စက်မှု အထည်ချုပ်စက်ရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အမြဲတမ်းနေထိုင်သူများ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ရပ်ကွက်/ကျေးရွာအလိုက် စာရင်းပြုစုတောင်းခံ၍ နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်များအား ဆောင်ရွက်ပေးခြင်းအပြင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ရပ်ကွက်/ ကျေးရွာအလိုက် စာရင်းဇယား သေချာစွာပြုစုဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရွှေ့ပြောင်းနေထိုင်သူများအတွက် သီးခြားစာရင်းပြုစုပြီး မူလနေထိုင်ရာဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ရှိသော်လည်း လက်ရှိ မိမိမြို့နယ်အတွင်း နေထိုင်ရာဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသောသူများ ဆောင်ရွက်ပေးခြင်းနှင့် မူလနေထိုင်ရာဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ လက်ရှိမိမိမြို့နယ်အတွင်း နေထိုင်ရာဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား မေ ၃ ရက်မှစတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု (၅၈)အုပ်စုတို့ကို မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ညောင်ကိုင်းအုပ်စုနှင့် ဆပ်ပြာကျင်းအုပ်စုတို့ကိုမှ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူ အိမ်ထောင်စု (၅)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်မရှိသူ အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၁၇)ဦးတို့အား ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါပန်းခင်းစီမံချက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


