မိတ္ထီလာ ၅ မတ်
မိတ္ထီလာမြို့နယ်၌ ကျောင်းဆောင်လိုအပ်လျက်ရှိသော အခြေခံပညာစာသင်ကျောင်း (၁၈) ကျောင်းတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ စာသင်ကြားရာတွင် ကျောင်းဆောင်လိုအပ်ချက်မရှိစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျောင်း ဆောင်သစ်များကို တို့ချဲ့ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင် လိုအပ်လျက်ရှိသည့် ကျောင်း(၁၈)ကျောင်းတို့တွင် ကျောင်းဆောင်သစ်များ ဆောက်သွားလုပ်သွားမည်ဖြစ် သည်။ ၎င်းကျောင်းဆောင်သစ်များကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ တာဝန်ယူ၍ တည်ဆောက်သွား မည်ဖြစ်သည်။ အဆိုပါ ကျောင်းဆောင်အသစ် တည်ဆောက်ရာတွင် အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (ပြည်သာယာ)တို့တွင် နှစ်ထပ်ကျောင်းဆောင်များ ဆောက် လုပ်သွားမည်ဖြစ်ပြီး တစ်ထပ်ကျောင်းဆောင်များကို အခြေခံပညာအထက်တန်းကျောင်း ညောင်ကိုင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဖြစ်သည့် ကျောင်းဖူး(န)၊ မွေတို့တွင် ဆောက်လုပ်သွားမည်ဖြစ်သည်။
၎င်းအပြင် တစ်ထပ်ကျောင်းဆောင်များကို အခြေခံပညာအလယ်တန်းကျောင်းများဖြစ်သည့် သံဘို၊ ဇရပ်ကုန်း၊ သီးပင်ကုန်း၊ ကုက္ကိုကုန်းကျောင်းများနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များဖြစ်သည့် အုတ်ဖိုကြာကန်၊ နဘဲကုန်းတို့တွင် ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ ယင်းအပြင် အခြေခံပညာ မူလတန်းကျောင်းများဖြစ်သည့် အင်ပင်ဝ၊ ရှမ်းတဲ၊ ကံကြီး၊ ကံကောင်း၊ အောင်မင်္ဂလာ၊ မယ်ဇလီကုန်း၊ ဆပ်ခင်းပေါက်ကျောင်းများတွင်လည်း တစ်ထပ်ကျောင်းဆောင်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


