မိတ္ထီလာ  ၄   ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် စူဠဘွဲ့နှင့်သဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သီရိမင်္ဂလာရပ်ကွက်၊ ထီးသုံးဆင့် ဘုရားဝန်း၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်အတွင်းက မိတ္ထီလာမြို့နယ်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ပထမပြန်ဓမ္မာစရိယ၊နီကာယ်စာမေးပွဲများတွင် အောင်မြင်ခဲ့ကြသော စာအောင်သံဃာ(၃၀၇)ပါးတို့အား စာအောင်ဆုနှင်းသဘင် စူဠဘွဲ့နှင့်သဘင်အခမ်းအနားကို ကျင်းပသွားမည် ဖြစ်သည်။

 

၎င်းအပြင် ပင့်သံဃာများ၊ စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်၊ ကြီးကြပ်ရေး ဆရာတော်များနှင့် စာအောင်သံဃာတော်များအား ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ ထီးသုံးဆင့်ဘုရားဝန်းအတွင်း၌ ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)