မိတ္ထီလာမြို့နယ်၌ ဆိတ်ကျောင်းသွားရာမှ တွေ့ရှိသည့် လက်ပစ်ဗုံးအသေးအား ထုရိုက်ဆော့ကစားရာမှ ဗုံးသီးပေါက်ကွဲ၍ လူနှစ်ဦး သေဆုံး

မိတ္ထီလာ  ၈  မတ် 


မိတ္ထီလာမြို့နယ် အင်ပင်ဝကျေးရွာ၌ ဆိတ်ကျောင်းသွားရာမှ တွေ့ရှိသည့် လက်ပစ်ဗုံး အသေးအား ထုရိုက်ဆော့ကစားစဉ် ဗုံးသီးပေါက်ကွဲ၍ မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က လူနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သီးပင်ကုန်းအုပ်စု အင်ပင်ဝကျေးရွာနေ ချစ်သဲစိုး (၁၂) နှစ်သည် မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က အစ်မဖြစ်သူ မရီမာခိုင်(၂၁) နှစ်နှင့်အတူ အင်ပင်ဝကျေးရွာ၏တောင်ဘက် (၅)မိုင်ခန့်အကွာရှိ ယာကွင်းပြင်အတွင်း ဆိတ်ကျောင်းသွားရာမှ လက်ပစ်ဗုံးအသေး(လက်သီးဆုပ်ခန့်)အား တွေ့ရှိ၍ နေအိမ်သို့ ယူဆောင် လာခဲ့ပြီး မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ၎င်း၏နေအိမ်ရှေ့ရှိ တောင်သူထွက်သီးနှံများ ချိန်တွယ်ရာတွင် အသုံးပြုသော ကတ္တားနှင့် လက်ပစ်ဗုံးအား ထုရိုက်ဆော့ကစားစဉ် ဗုံးသီးမှ ပေါက်ကွဲ၍ မောင်ချစ်သဲစိုးနှင့် အနီးရှိ အစ်မဖြစ်သူ မရီမာခိုင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)