မိတ္ထီလာ ၂၉ မတ်
မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၅၀ဝ သာစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသဝမ်းစာဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ ဆည်ရေသောက်ရရှိသော နေရာများတွင် နွေစပါးများကို နှစ်စဉ်စိုက်ပျိုးကြသော်လည်း မြို့နယ်အတွင်းရှိ နွေစပါး စိုက်ပျိုးရန် ရေပေးဝေလျက်ရှိသည့် မိတ္ထီလာကန်၊ ချောင်းကောက်ဆည်၊ မုန်တိုင်ဆည်၊ ညောင်ကုန်းတမံ၊ လက်ခုပ်ပင်တမံ၊ လွန်ငင်ဆည်၊ ရှမ်းမငယ်ဆည်နှင့် မြင်တော်ကန်စသည့် ဆည်များ ကန်များမှာ ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါး၍ မိုးရေဝင်ရောက်မှု နည်းပါးသည့်အတွက် ဆည်၊ ကန်များအားလုံး နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ မိတ္ထီလာ ကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်ရေများဖြင့် နွေစပါးစိုက်ဧက (၅၀ဝ)သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလေးမောင်မောင်ထက်က ပြောပြခဲ့သည်။
ထိုသို့ နွေစပါးများစိုက်ပျိုးရာတွင် မိတ္ထီလာကန်ရေဖြင့် လျော်ဖြူကန်၊ ကန်တိုင်ပေါက်၊ မကျီးချောက်၊ ထမုန်ကန်၊ စက်ပစ်တောင်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် စိုက်ဧက (၃၀ဝ)စိုက်ပျိုးပြီး ချောင်းကောက်ဆည်ရေဖြင့် ဒဟတ္တန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ဧက(၁၀ဝ)နှင့် မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်၊ သီးကုန်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ဧက (၁၀ဝ) စိုက်ပျိုးနိုင်ခဲ့သည်။ ယင်းသို့စိုက်ပျိုးရာတွင် စပါးတစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် သိပ္ပံ နည်းကျစိုက်ပျိုးနည်းစနစ်များကျင့်သုံးစေပြီး ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတိုမျိုးများစိုက်ပျိုးစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံလယ်သမားများနှင့် ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


