မိတ္ထီလာ၊ ၂၁ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်၍ စက်ချုပ်နည်းပညာအခြေခံသင်တန်း(၂/၂၀၂၁) ကို ဇွန်၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ်များကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တတ်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး စက်ချုပ်နည်းပညာ အခြေခံ သင်တန်းကို သင်တန်းသူ (၂၅)ဦးဖြင့် ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝထံမှ သိရသည်။
အဆိုပါ စက်ချုပ်နည်းပညာ အခြေခံသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်းအမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက် အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်းဘီရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


