မိတ္ထီလာ  ၁၀  ဇွန်

 

မိတ္ထီလာမြို့နယ်  ရေဝေကျေးရွာအုပ်စု ကျောက်အိုးကျေးရွာပိုင် သစ်တောမြေနေရာတွင် ယနေ့ နံနက် ၈ နရီက မြို့နယ်သစ်တောဦးစီးဌာနနှင့် အက်ရှင်အေ့စ်မြန်မာ(မိတ္ထီလာ)တို့ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

 

 “ဒီနေ့ သစ်ပင်စိုက်ပျိုးပွဲတော်မှာ ကျောက်အိုးကျေးရွာ ဒေသခံများအနေနဲ့  ပူးပေါင်းပါဝင် ဆောင်ရွက်တာ တွေ့ရပါတယ်။ ကျောက်အိုးကျေးရွာအနီးက ကျေးရွာပိုင် စိုက်ခင်းမြေနေရာမှာ သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ပြီး အရိပ်ရသစ်ပင်တွေ စိုက်ပျိုးချင်တယ်လို့ အက်ရှင်အေ့စ်မြန်မာ(မိတ္ထီလာ)နဲ့ ကျေးရွာဒေသခံ တွေက တောင်းဆိုတင်ပြတာကြောင့် သစ်တောဦးစီးဌာနမှ တမာ၊ မယ်ဇလီ၊ ကုက္ကို၊ ဥသျှစ်၊ ကျွန်း စုစုပေါင်း သစ်ပင် ၆၀ဝ ကို အခမဲ့ ဖြန့်ဝေပြီး စိုက်ပျိုးကြတာပါ” ဟု မြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက ပြောသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ် သစ်တောဦးစီးမှူးက  သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောပြီး အရိပ်ရသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)