မိတ္ထီလာ၊ ၄ ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၃ ကျောင်းမှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသားကျောင်းသူများ ပညာ သင်ယူရာတွင် ကျောင်းဆောင်လိုအပ်ချက် မရှိစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ကျောင်းဆောင် သစ်များကို တို့ချဲ့ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်း ၂၃ ကျောင်းမှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်း ဆောင်သစ်များကို ဆောက်လုပ်သွားမည်ဖြစ်ရာ ယင်းအခြေခံပညာကျောင်း ၂၃ ကျောင်းအနက် ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၈ ကျောင်းနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ငါးကျောင်းတို့ကို ဆောက်လုပ်သွားမည် ဖြစ်သည်။ အဆိုပါကျောင်းများကို တင်ဒါအောင်မြင်သည့် ခိုင်မြဲခြင်း၊ တော်ဝင်ရွှေမန်း၊ မောမြေ၊ ရှမ်းရွှေမြေ ၊ ချမ်းမြေ့ထွန်း၊ မန်တလာတက် ကုမ္ပဏီများက တာဝန်ယူ၍ ဇန်နဝါရီ ၁၉ ရက်မှ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် နှစ်ထပ်ကျောင်းဆောင်အဖြစ် အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် အမှတ်(၆)မင်းရပ်၊ ရဲပေါက်ချောင်းကျောင်းများနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းဖြစ်သည့် ဈေးအရှေ့ပြင်တို့တွင် ဆောက်လုပ်သွားမည် ဖြစ်သည်။ ၎င်းအပြင် အခြေခံပညာ အလယ်တန်းကျောင်းခွဲဖြစ်သည့် စစ်ရဲကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းဖြစ်သည့် ရှမ္မငယ်ကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်းခွဲဖြစ်သည့် လေတပ်ကျောင်းတို့တွင် ကျောင်းဆောင်သစ် ဆောက်လုပ် သွားမည်ဖြစ်သည်။

 

ယင်းအပြင် တစ်ထပ်ကျောင်းဆောင်အဖြစ် အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် ရှင်မြို့၊ ကချင်လေး၊ အင်းကုန်း၊ ဆက်သွယ်ရေး၊ အမှတ်(၇၀)ဂွေးကုန်း၊ လူးခင်းကြီး၊ စက်ပစ်တောင်၊ မြောင်းပေါက်၊ ကြာအင်း၊ ကျိတ်ပုလဲ၊ ဖလံကျင်း၊ ကန်နီတောင် ၊ ရွာသာ၊ ငဆက္ကန်၊ သက္ကယ်ကျင်း၊ ဝက်ကျောက်တို့နှင့်      အခြေခံပညာ အလယ်တန်းကျောင်းခွဲဖြစ်သည့် သပြေကန်ကျောင်းတို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများကို သြဂုတ်လအတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)