မိတ္ထီလာ ၈ ဇွန်
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများတွင် စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသားကျောင်းသူများ ရောဂါ ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ထားရှိပြီးဖြစ်၍ ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ အထက်တန်းအဆင့် တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ကျောင်းအပ် လက်ခံပြီး ဇူလိုင် ၂၁ ရက်နေ့မှ စတင်၍ ကျောင်းများဖွင့်လှစ် ပညာသင်ကြားပေးသွားမည် ဖြစ်သည်။
ထိုသို့ ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားပေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီဖွဲ့စည်းထားပြီး ကျောင်းသားကျောင်းသူများအား အပူချိန်တိုင်တားခြင်း၊ ကျောင်းဝင်ပေါက် ထွက်ပေါက်တိုင်းတွင် လက်ဆေးနိုင်ရန် ရေ၊ ဆပ်ပြာနှင့် ရေခွက်များထားရှိပေးပြီး ဆရာဆရာမများက စောင့်ကြည့်သွားမည်ဖြစ်သည်။ ၎င်းအပြင် နှာခေါင်းစည်းများတပ်ဆင်ရာတွင် စနစ်တကျ ရှိစေရန်နှင့် အသုံးပြုပြီး နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်တက်စေရန်အတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့်အပြင် အဝတ်နှာခေါင်းစည်းများကိုလည်း အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
ယင်းအပြင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် Social Distancing ဖြင့် နေထိုင်သွားကြရန် အသိပညာပေးခြင်းနှင့် ကျောင်းတက်ချိန် ကျောင်းဆင်းချိန် လျာထားသတ်မှတ်ခြင်း၊ အချိန်ဇယားများ သတ်မှတ်ခြင်းများအပြင် နေ့စဉ် အသင်းအလိုက် တာဝန်များခွဲ၍ သန့်ရှင်းရေး ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၁၆)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ(၁၂) ကျောင်းတို့တွင် ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်၍ အထက်တန်းအဆင့် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


