မိတ္ထီလာ ၁ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် ကျောက်အိုးကျေးရွာမှ ဒေသခံများနှင့် Actionaid Myanmarတို့ ပူးပေါင်း၍ ကျေးရွာချောင်းတံတားတည်ဆောက်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီးဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု ကျောက်အိုးကျေးရွာမှ ဒေသခံကျေးလက်နေပြည်သူများ မိတ္ထီလာမြို့သို့ သွားလာရာတွင် အသုံးပြုသည့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းနှင့် ဆက်သွယ်သွားလာသော လမ်းပေါ်တွင် တည်ရှိသည့် သစ်သားချောင်းကူးတံတားမှာ ပျက်စီးနေသောကြောင့် ဒေသခံ ပြည်သူများ သွားလာရအခက်အခဲကြုံတွေ့နေရသဖြင့် Actionaid Myanmarနှင့် ဒေသခံပြည်သူများမှ ပူးပေါင်းပြီး အရှည် ပေ ၄၀ ၊အကျယ် ၁၈ ပေ ၊ လက်ရန် ၂ ပေခွဲရှိ သံကူကွန်ကရစ်တံတားအား အောက်တိုဘာလ ၅ ရက်နေ့မှ စတင်၍ တည်ဆောက်လုပ်ဆောက်ရွက်လျက်ရှိရာ ယခုဆိုလျှင် တံတား တည်ဆောက်ခြင်းလုပ်ငန်း (၈၀)ရာခိုင်နှုန်း ပြီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတည်ဆောက်ပြီးစီးပါ ကျောက်အိုးကျေးရွာရှိ ကျေးလက်ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးကိစ္စများနှင့် ကျောင်းသားကျောင်းသူများ ရေဝေအထက်တန်းကျောင်းသို့ အချိန်မီတက်ရောက်ရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ငန်းဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း Actionaid Myanmar မှ မနှင်းနှင်းဆွေက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


