မိတ္ထီလာ၊  ဇူလိုင်  ၁၆

 

မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း ခုရေ ၇၀၀၀ ကို ယနေ့ နံနက်က  လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

          

ကိုဗစ်-၁၉ရောဂါကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု့ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး   ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ယင်းသို့ဆောင်ရွက်ရှိရာတွင် မြို့နယ်အတွင်းရှိ သွေးလှူရှင်အသင်းများဖြစ်သည့် ထီလာလူငယ်အသင်း၊ မြို့သစ်လူငယ်အသင်း၊ နှလုံးလှမေတ္တာလူငယ်အသင်းနှင့် ကိုလူချော ပရဟိတလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သော မြို့သစ်စျေး၊ ရန်မျိုးအောင်စျေး၊ ပုလဲစျေး၊ ပေါက်ချောင်းစျေး၊ ဘဲကန်စျေးနှင့် နာရီစင်အနီးနေရာများတွင် ဇွန်လ ဒုတိယပတ်မှ စတင်၍ အပတ်စဉ် ဥပုဒ်နေ့တိုင်း နှာခေါင်းစည်း (၇၀၀၀)ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)