မိတ္ထီလာ ၄ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကုန်တင်ယာဉ်များ ပြေးဆွဲရာမှာ ယာဉ်မောင်းများ ကိုဗစ်-၁၉ ရောဂါပိုး မရှိ Negative ဖြစ်ကြောင်း ကျန်းမာရေးထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြု လျက်ရှိကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကုန်စည်းစီးဆင်းမှု အဆင်ပြေချောမွေ့စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမရှိစေ​ရေးတို့အတွက် မိတ္ထီလာမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်၍ အောင်မင်္ဂလာခန်းမတွင် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးစစ်ဆေးခံရန် လာရောက်၍ စာရင်းပေးထားသူ ၃၅၀ ကျော်ရှိသည့်အနက် (၇၄)ဦးအား စစ်ဆေးနိုင်ခဲ့ပြီး  ၄၁ ဦး၏ ကိုဗစ်-၁၉ ရောဂါပိုးမရှိ Negative ဖြစ်ကြောင်း ကျန်းမာရေးထောက်ခံချက်ကို ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ရာ ၎င်ကျန်းမာရေး ထောက်ခံချက်ရှိသည့် ကုန်တင်ယာဉ်များမှာလည်း စတင် ပြေးဆွဲလျက်ရှိပြီးဖြစ်သည်။ ကျန်းမာရေး စစ်ဆေးပြီး ကျန်ရှိသည့်  ၃၃ ဦးကိုလည်း ကျန်းမာရေးဦးစီးဌာနမှ အဖြေရရှိပါက ချက်ချင်းထောက်ခံချက်များ ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးရန် ကျန်ရှိသည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်သည်။ ယခုလက်ရှိစစ်ဆေးပြီး၍ ကျန်းမာရေးထောက်ခံချက် ရရှိသည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို (၁၄)ရက်ပြည့်ပါက ပြန်လည်၍ ကျန်းမာရေး စစ်ဆေးသွားမည်ဖြစ်သည်။

 

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်အတွင်းရှိ ထွန်းညိုလူ၊ မြတ်နိုးသူ၊ သီးကုန်း အမြန်လမ်းယာဉ်စစ်ဆေးရေးဂိတ်တို့တွင် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍  ကုန်တင်ယာဉ် များ ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါပိုး မရှိ Negative ဖြစ်ကြောင်း ကျန်းမာရေး ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုလျက်ရှိကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောပြ၍ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)