မိတ္ထီလာ မေ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မေ ၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် အိမ် ၄၇ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လျှော်ဖြူကန်ကျေးရွာအုပ်စု သာစည်လေးကျေးရွာ၊ ပြည်သာယာ မြောက်ပိုင်းရပ်ကွက်၊ ကျီတော်ကုန်းရပ်ကွက်၊ နန်းတော်ကုန်းရပ်ကွက်၊ မကျီးစုကျေးရွာအုပ်စု ကန်နီကျေးရွာ၊ လျှော်ဖြူကန်ကျေးရွာအုပ်စု လျှော်ဖြူကန်ကျေးရွာ၊ ရုံးတောကြီးကျေးရွာအုပ်စု ရုံးတောကြီးကျေးရွာ၊ မြောက်လည်ကျေးရွာအုပ်စု ရေငံကျေးရွာ၊ မြာကျေးရွာအုပ်စု ရေဝေကျေးရွာ၊ ထမုန်ကန်ကျေးရွာအုပ်စု ထမုန်ကန်ကျေးရွာ၊ မွေကျေးရွာအုပ်စု ချောင်းနားကျေးရွာ၊ ကန်နီကျေးရွာအုပ်စု သီတက္ကန်ကျေးရွာ၊ ညောင်ကုန်းအရှေ့ ကျေးရွာ၊ ကျောင်းရွာကျေးရွာအုပ်စု ကျောင်းရွာကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းပင်ရိုးကျေးရွာ၊ ဒီးဒုတ်တောင်ကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာအုပ်စု တောင်းကောက်ကျေးရွာတို့ရှိ အိမ် ၄၇ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း အမိုးလန်ပျက်စီးခြင်း၊ အမျိုးသားတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခြင်း၊ လျှပ်စစ်ဓာတ်တိုင် နှစ်တိုင်လဲကျခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အလားတူ မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်ရှိ သမိုင်းမဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော် စိန်ဖူးတော်မြေခခြင်းနှင့် ချောက်ပင်ကျေးရွာ ခေမာသီရိ ရွာလည်ကျောင်းရှိ စေတီတော် ထီးတော်မြေခခြင်းများ ဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၈၈၃၆ဝဝဝ ကျပ်ခန့်ရှိခဲ့ပြီး လေဘေးဒဏ်သင့်အိမ်ထောင်စုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ အချိန်နှင့်တစ်ပြေးညီ ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)