မိတ္ထီလာ ၃  မတ်

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသုံးများ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ပျောက်ဆုံးမှုများ လျော့နည်းကျဆင်းရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ ပျောက်ဆုံးမှု လျော့နည်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ Jumper Connection များ ပြုပြင်ခြင်း၊ ရပ်/ပျက်/နှေး ဖြစ်ပေါ်နေသော မီတာများအား မီတာအသစ်များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ပေးခြင်းနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ပထမပတ်မှစတင်၍ စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်က ပြောသည်။

 

မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူများ လျှပ်စစ်ဓာတ်အားပြည့်ဝပြီး စဉ်ဆက်မပြတ် ရရှိအသုံးပြုနိုင်ရေးနှင့် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများ လျှပ်စစ်မီးရရှိစေရန် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ဝင်ငွေ တိုးတက်ရရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

mdn