မိတ္ထီလာ ၂၂ အောက်တိုဘာ
မိတ္ထီလာမြို့နယ်၌ လျှပ်စစ်မီးလင်းရန် ကျန်ရှိသည့် ကျေးရွာ ၂၀၂ ရွာအနက် ကျေးရွာ ၁၄၄ ရွာကို ၂၀၂၀ ခုနှစ်အတွင်း လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာအုပ်စု ၅၈ အုပ်စု ၊ကျေးရွာ ၃၈၀ ရှိသည့်အနက် ကျေးရွာ ၁၇၈ ရွာကို လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီဖြစ်ရာ ကျန်ရှိသည့် ကျေးရွာ(၂၀၂)ကိုလည်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်လည်းကောင်း၊ Public Finance Initiative(PFI)စနစ်ဖြင့် လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)ဖြင့် လည်းကောင်း၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လည်းကောင်း အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျန်ရှိသည့် ကျေးရွာ(၂၀၂)ရွာအနက် ကျေးရွာ(၁၄၄)ရွာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ကျေးရွာ(၂၀)ရွာ၊ Public Finance Initiative(PFI) စနစ်ဖြင့် ကျေးရွာ(၉၂)ရွာ၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NPE) စနစ်ဖြင့် ကျေးရွာ(၂၈)ရွာနှင့် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ကျေးရွာ(၄)ရွာ ဆောင်ရွက်လျက်ရှိရာ ကျေးရွာ(၁၄၄)ရွာအနက် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၂၀)မှာ (၇၀) ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်းနှင့် Public Finance Initiative (PFI)စနစ်၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)၊ ကိုယ်ထူကိုယ်ထစနစ် များဖြစ် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ (၁၂၄)ရွာမှာ ၂၀၂၀ခုနှစ်အတွင်း လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် 11KV ဓာတ်အားလိုင်းနှင့် (၂) မိုင်အပြင်ဘက်ရှိ လျှပ်စစ်မီးလင်းနိုင်ရန် ကျန်ရှိသည့် ကျေးရွာ(၅၈)ရွာကိုလည်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


