မိတ္ထီလာ ၂၉ ဇူလိုင်
မိတ္ထီလာမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်၈) အထူးဇုံ ဧက(၅၀) စိုက်ကွင်းအတွင်း၌ အပင်သားခွဲခြင်း ပညာပေးလုပ်ငန်း ဆောင်ရွက်မှုကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ရေချိုကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာဧရိယာအတွင်းရှိ ကွင်းအမှတ် ၅၃၆ ရှိ တောင်သူ ၂၀ ၏ စိုက်ဧက ၅၀ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) အထူးဇုန် ဧက(၅၀) စိုက်ကွင်းအတွင်းရှိ ဝါစိုက်တောင်သူများ တစ်ဧက အထွက်နှုန်းတိုးစေရန်၊ အထွက်တိုးနည်း ပညာတစ်ခုဖြစ်သည့် အပင်သားခွဲခြင်းလုပ်ငန်း အချိန်မှန်ကန် အောင် ဆောင်ရွက်နိုင်ရန်နှင့် စားရေး၊ ဝတ်ရေး၊ နေရေးတို့တွင် ဝတ်ရေးအတွက် အဓိက လိုအပ်လျက်ရှိသည့် ချည်မျှင်ရှည်ဝါကို တောင်သူများ မဖြစ်မနေ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်ဧကအားလုံး တစ်ဧက ဝါပိဿာ ၈၀ဝ နှင့်အထက် ထွက်ရှိရေး ၊ စိုက်ပျိုးပြီး ဧကများကို အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့်တိုင်းတွင် အထူးသဖြင့် ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း၊ အခြားသိပ္ပံစိုက်ပျိုးမည်းစနစ်များကို ဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုလို မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) အထူးဇုန်ဧက(၅၀) စိုက်ကွင်းအတွင်းရှိ စိုက်ဧကများအတွင်း ဝါ စတင်စိုက်ပျိုးသည့်အချိန်မှစတင်၍ အပင်သက်တမ်းတစ်လျှောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကင်းထောက်မှတ်တမ်း ကောက်ယူသည့် နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်လာပါ အပင်သားခွဲခြင်းလုပ်ငန်းများ၊ ပိုးမွှားကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ၊ အထွက်နှုန်း ကောင်းမွန်အောင် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အပင်သက်တမ်းတစ်လျှောက် အပင်ကြီးထွားရန်နှင့် အထွက်နှုန်းတိုးစေရန်အတွက် အထွက်တိုး နည်းပညာတစ်ခုဖြစ်သည့် အပင်သားခွဲခြင်းကို စတင်စိုက်ပျိုးပြီး ၁၅ ရက်သေား ရွက်စစ်(၄)ရွက် ထွက်ချိန် တစ်ကျင်း နှစ်ပင်နှုန်းဖြင့် အပင်သားခွဲခြင်းလုပ်ငန်းကို ဒေသခံတောင်သူများက စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ရေချိုနည်းပညာပြန့်ပွားရေးစင်တာဧရိယာအတွင်း အထူးဇုန် စိုက်ဧက(၅၀)နှင့် ကန်တောင်နည်းပညာပြန့်ပွားရေးစင်တာ ဧရိယာအတွင်း အထူးဇုံ စိုက်ဧက(၅၀)တို့ဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်၈)ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


