မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မိတ္ထီလာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။    

မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေးတို့အတွက် ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိပြီး သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း၊ ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်၊ ညောင်ကုန်းတမံ၊ လက်ခုပ်ပင်တမံနှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် နွေစပါးစိုက်ဧက ၉၃၀ နှင့် အခြားသီးနှံ စိုက်ဧက ၄၇၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန်တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍  လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါးနှင့် အခြားသီးနှံများကို မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်၊ ခင်လူး၊ ကံကြီး၊ ကွက်ငယ်၊ လျော်ဖြူကန်၊ ရှမ်းတဲ၊ မကျီးစု၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကန်၊ ကျောင်းရွာ ကျေးရွာအုပ်စုများရှိ ကွင်း ၂၁ ကွင်းမှ နွေစပါးစိုက်ဧက ၆၂၀၊ ဝါစိုက်ဧက ၂၇၀၊ အခြားသီးနှံစိုက်ဧက ၁၀၀ တို့နှင့် ချောင်းကောက် ဆည်ရေဖြင့် ကုက္ကိုကုန်းကျေးရွာအုပ်စုရှိ ကွင်း ၃ ကွင်းမှ နွေစပါးစိုက်ဧက ၁၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်၊ သီးကုန်းကျေးရွာအုပ်စုများရှိ ကွင်းနှစ်ကွင်းမှ နွေစပါး စိုက်ဧက ၁၄၀၊ ညောင်ကုန်းတံမံဖြင့် ခင်တဲကျေးရွာအုပ်စုရှိ ကွင်းတစ်ကွင်းမှ ဝါစိုက်ဧက ၅၀၊ လက်ခုပ်ပင်တမံဖြင့် အင်းကျေးရွာအုပ်စုရှိ ကွင်းတစ်ကွင်းမှ ဝါစိုက်ဧက ၅၀ နှင့် ရှမ်းမငယ်ဆည်ရေဖြင့် ရှမ်းမငယ် ကျေးရွာအုပ်စုအတွင်းရှိ ကွင်းတစ်ကွင်းမှ နွေစပါးစိုက်ဧက ၂၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျားထားကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)