မိတ္ထီလာ၊ ၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကို ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်အထိ ရပ်ကွက်ကျေးရွာ(၆)ခုနှင့် သင်တန်းကျောင်း တစ်ကျောင်းတို့မှ အိမ်ထောင်စုလူဦးရေစာရင်း (၁၃၀)ကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၄၃၀ ကျော်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား မေ ၃ ရက်မှစတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု(၅၈)အုပ်စုတို့ကို မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာမှ မေ ၂၇ ရက်အထိ ကျီတော်ကုန်းရပ်ကွက်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ မယ်ဇလီကုန်း ကျေးရွာအုပ်စု၊ မကျီးစုကျေးရွာအုပ်စုနှင့် အမြောက်သင်တန်းကျောင်းတို့မှ နိုင်ငံသား စိစစ်ရေးကတ်မရှိသူ အသက်(၁၈)နှစ်နှင့်အထက် (၃၃၂)ဦးနှင့် အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား (၁၀၄)ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အိမ်ထောင်စုစာရင်း ဆောင်ရွက်ပေးရာတွင် မိတ္ထီလာမြို့နယ် ပြင်ပသို့ ပြောင်းရွှေ့အိမ်ထောင်စု (၈၁)စုနှင့် မြို့နယ်ပြင်ပမှ ပြောင်းဝင်လာအိမ်ထောင်စု (၅၈)စုတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်ထံမှ သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ အသက်(၁၈)နှစ်နှင့်အထက် (၂၅၁၇၃)ဦးနှင့် အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား (၈၃၅)ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


