မိတ္ထီလာ အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့ကို အောက်တိုဘာ ၁၁ ရက် နံနက်က ပြည်သာယာ(မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်လိုသူများကို သတ်မှတ်ထားသည့် စီမံချက်ကာလအတွင်း အချိန်မီပြီးစီးရေး မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် မေလ ၃ ရက်နေ့မှ စတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာ အုပ်စု(၅၈)အုပ်စုတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ  ပြည်သာယာ(မြောက်)ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်လိုသူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။ 

မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရပ်ကွက် (၆)ခု၊ ကျေးရွာအုပ်စု (၂၉)စုနှင့် တပ်ရင်း (၇)ရင်းတို့မှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ အသက်(၁၆)နှစ်နှင့် အသက် (၁၈)နှစ်ကြား (၃၈၀)ဦး၊  အသက် (၁၈)နှစ်နှင့်အထက် (၁၄၁၂၁)ဦးနှင့် အိမ်ထောင်စုစာရင်း (၃၇၇)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)