မိတ္ထီလာ ၂၉ အောက်တိုဘာ
မိတ္ထီလာမြို့နယ်၌ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဆီမီးပူဇော်ရန်အတွက် စက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးပုံးများနှင့် ဆီမီးခွက်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်တွေထဲက သီတင်းကျွတ်မီးထွန်းပွဲတွင် စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဇရပ်များ၊ လမ်းများ၊ နေအိမ်များတွင် ဘုရားဆီမီးပူဇော်ခြင်း၊ ဖယောင်းတိုင်ထွန်းပူဇော်ခြင်း အပြင် စက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးပုံများဖြင့် အလှဆင်လျက်ရှိသည်။ ထိုသို့ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များ၊ လမ်းများတွင် ဆီမီးပူဇော်ရန်အတွက် အသုံးပြုလျက်ရှိသော ဆီမီးခွက်များကို မိတ္ထီလာမြို့နယ်အတွင်းရှိ သီတက္ကန်ကျေးရွာမှ ထွက်ရှိသော ဆီမီးခွက်များကို မိတ္ထီလာစျေးသို့ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် လာရောက်ရောင်းချပေးလျက်ရှိရာ ယခုနှစ်တွင်လည်း မိတ္ထီလာစျေးသို့ ဆီမီးခွက် (၁၀)ခွက်ကို ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရာ ယခင်နှစ်များနည်းတူ ရောင်းချရကြောင်း ဝက်ချောက်ကျေးရွာမှ ဆီမီးခွက်ရောင်းချသူတစ်ဦးထံမှ သိရသည်။
ဆက်လက်၍ နေအိမ်များတွက် အလှဆင်သော စက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးပုံးများနှင့် ကလေးများ ဆော့ကစားသည့် ရောင်စုံကားလေးများ၊ အရုပ်လေးများကို မြင်းခြံမြို့မှ ဝယ်ယူရောင်းချရာ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၍ ရောင်စုံမီးပုံးများ ဝယ်ယူရန် အခက်အခဲရှိသဖြင့် ကြိုတင်ဝယ်ယူထားရှိသော ရောင်စုံမီးပုံးများသာ ရောင်းချပေးလျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် သီတင်းကျွတ်မီးထွန်းပွဲတွင် ဆီမီးထွန်းခြင်း၊ ရောင်စုံမီးပုံးများဖြင့် နှစ်စဉ် မီးပူဇော် ရာမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၍ လူစုလူဝေးဖြင့် စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆီမီးပူဇော်ခြင်း မပြုလုပ်သော်လည်း သက်ဆိုင်ရာ ဂေါပကများက ဆီမီးပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


