မိတ္ထီလာ   ၁၇  စက်တင်ဘာ

မိတ္ထီလာမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဇောင်ချမ်းကုန်းကျေးရွာရှိ တောင်သူ ဒေါ်ဟန်၏ စပါးစိုက်ဧက ၅ ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1135

 

ကွင်းသရုပ်ပြပွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က အမှာစကား ပြောကြားပြီး ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးသိန်းက တောင်သူများအနေဖြင့် ရာသီဥတု အနေအထားအရ ပျိုးထောင်စိုက်ပျိုးနိုင်မှု မရှိခြင်းကြောင့် စပါးစိုက်ပျိုးမှု အဆင်ပြေစေရန် သက်တမ်းတို စပါးမျိုးများကို တိုက်ရိုက် ပက်ကျဲသည့် စနစ်ကို အသုံးမပြုဘဲ တန်းဆွဲပြီး စပါးမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ် သက်သာခြင်း၊ ပေါက်မြက် ရှင်းလင်းရာတွင် အဆင်ပြေခြင်း၊ အပင်ပြုစု ပျိုးထောင်ရာနှင့် ပိုးမွှားရောဂါ ကာကွယ်ရာများတွင် အဆင်ပြေသောကြောင့် ဒေသတောင်သူများ သိရှိနိုင်စေရန် စပါးမျိုးစေ့များကို တိုက်ရိုက်စပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခြင်းဖြစ်ကြောင်း ပြော ကြားသည်။

ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက မိမိတို့ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်း၊ နည်းပညာပေးသည့်လုပ်ငန်းနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိတွင် သီးနှံအထွက်နှုန်း တိုးစေရန်အတွက် ဒေသခံတောင်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြာခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး စပါးမျိုးစေ့များကို တိုက်ရိုက်စပါးမျိုးစေ့ချ ကိရိယာ Seeder ဖြင့် လက်တွေ့စိုက်ပျိုးခြင်းကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)