မိတ္ထီလာမြို့နယ်၌ တရားဝင်မှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချသော GOODY စားသုံးဆီဘူးများအတွင်းသို့ အခြားစားသုံးဆီများ ထည့်သွင်းပြီး အတုပြုလုပ်လိမ်လည်ဖြန့်ဖြူးရောင်းချသည့် ဆိုင်အားအမှုဖွင့်အရေးယူ

မိတ္ထီလာ ၁၃ မတ် 

 

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်၌  တရားဝင်မှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချသော GOODY စားသုံးဆီဘူးများအတွင်းသို့ အခြားစားသုံးဆီများ ထည့်သွင်းပြီး အတုပြုလုပ်လိမ်လည်ဖြန့်ဖြူးရောင်းချသည့် ဆိုင်အား မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

မိတ္ထီလာမြို့တွင် ဖွင့်လှစ်ထားရှိသည့် IMPERIAL FOOD PRODUCTION COMPANY LIMITED ရုံးခွဲတာဝန်ခံ ဦးမင်းမင်းထွန်း ကျီးတော်ကုန်းရပ်ကွက် မိတ္ထီ်လာမြို့နယ်နေသူသည် မကျီးကုန်းနယ်မြေ ပညာရေးကောလိပ်ရှေ့ရှိ စံပယ်ပွင့် ဆီ/ဆန်ရောင်းဝယ်ရေးဆိုင်တွင်  IMPERIAL FOOD PRODUCTION COMPANY LIMITEDမှ တရားဝင်မှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချသော GOODY စားသုံးဆီဘူးကြီးများ၏ GOODY စားသုံးဆီ(၉)လီတာ ဘူးခွံအဟောင်းများအတွင်းသို့ အခြားစားသုံးဆီများ ထည့်သွင်း၍ ဖြန့်ချီလျက်ရှိကြောင်း ကြားသိရသဖြင့် မတ်လ ၁ ရက်နေ့ ၊ ၆ရက်နေ့ ၊ ၇ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ၎င်းဆိုင်မှ ဆီများအား သွားရောက်ဝယ်ယူပြီး စစ်ဆေးခဲ့ရာ  အဆိုပါဆိုင်မှ ရောင်းချလျက်ရှိသည့် GOODYတံဆိပ်ပါ စားသုံးဆီဘူး (၉)လီတာပါဝင်သည့် ဘူးအဖုံးများတွင် ကုမ္ပဏီမှ တရားဝင်အသုံးပြုနေသော တံဆိပ်အမှတ်အသား မပါရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းမှ IMPERIAL FOOD PRODUCTION COMPANY LIMITEDမှ တရားဝင်မှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချသော GOODY   စားသုံးဆီဘူးများ အတွင်းသို့ အခြားစားသုံး ဆီများ ထည့်သွင်း၍  အတုပြုလုပ်လိမ်လည်ဖြန့်ဖြူးရောင်းချသူ စံပယ်ပွင့် ဆီဆန်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် (စုံစမ်းဆဲ)အား (ပ)၁၀၂/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၈၆ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


                                
သိန်းမြင့်ကျော်(မိတ္ထီလာ)