မိတ္ထီလာ မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာ ၁၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ၁၄ ရွာတွင် ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၄ ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၂၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၆၉၄ ဒသမ ၁ သိန်း စုစုပေါင်းငွေကျပ် ၂၇၉၄ ဒသမ ၁ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးရွာရဲ့ ပကတိ လိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် လုပ်ငန်းစီမံချက်တွေရရှိအောင် ကျေးရွာသူကျေးရွာသားတွေကိုယ်တိုင် ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးပြီး စတင်ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြား ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်တယ်” လို့ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ဆက်လက်ပြောပြသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ပေါက်ပင်သာ၊ ဆည်ရွာ၊ လဲတော၊ သက္ကယ်ကျင်း၊ မုန်ပင်ဆည်၊ ကံဦးံစပြ၊ ကျိတ်ပုလဲ၊ ကြာကန်၊ ကုက္ကိုပင်၊ ဆည်ကုန်း၊ ကြိုးစု၊ ရေငံ(အရှေ့)၊ ထနောင်းအိုင့်၊ သရက်တန်း စသည့် ကျေးရွာ(၁၄)ရွာဖြစ်ပြီး အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)