မိတ္ထီလာ   ၂၅    မေ

မိတ္ထီလာမြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာလှပစေရန်နှင့် ရာသီဥတု မျှတ ကောင်းမွန်လာစေရန်  ဖလံကျင်း သစ်တောကြိုးဝိုင်းနှင့်  မုန်တိုင် သစ်တောကြိုးဝိုင်းတို့တွင် မေလ ပထမပတ်က သစ်ပင်များ စိုက်ပျိုးနေပြီဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သိရသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာ လှပစေရန်၊ ရာသီဥတုမျှတ ကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် နှစ်စဉ် သစ်တောများ ထူထောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  မိုးရာသီတွင် ဖလံကျင်း၊ မုန်တိုင်၊ လျှော်ကန် (တောင်)၊ ကုန်တန်း သစ်တောကြိုးဝိုင်းများနှင့် အခြားစိုက်ခင်း (၂၅) ဧကတို့တွင်  တမာ၊ ယူကလစ်၊ မြန်မာကုက္ကို၊ ရှားစသည့် သစ်ပင်ပေါင်း ၈၈၀၀၀ ကျော်ကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းကြည် ဦးဆောင်၍ ဝန်ထမ်းများနှင့် ဒေသခံတို့ပူးပေါင်း၍  စိုက်ပျိုးလျက်ရှိသည်။

ယင်းသို့စိုက်ပျိုးလျက်ရှိရာမှ မုန်တိုင်သစ်တောကြိုးဝိုင်းတွင် သစ်ပင် (၁၆၂၀၀)၊ ကုန်းတန်း သစ်တောကြိုးဝိုင်းတွင် သစ်ပင် (၃၀၂၅၀ ) ပင် ၊ လျော်ကန် (တောင်) သစ်တောကြိုးဝိုင်းတွင် သစ်ပင် (၄၀၀၀)   စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။ ၎င်းအပြင် ဖလံကျင်း သစ်တောကြိုးဝိုင်းတွင် သစ်ပင်ပေါင်း ၃၇၈၀၀ စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုလျက်ရှိ သစ်ပင်ပေါင်း (၉၁၈၀) စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းကြည်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)