မိတ္ထီလာ  ဇူလိုင်  ၁၄ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)သင်တန်းကို ယမန်နေ့ နံနက်က  အိုမတွေ့ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးလတ်က သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရေးနှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားလာစေရန် ရည်ရွယ်၍ ကျေးလက်ရေရရှိရေးစီမံကိန်း၊ VDPစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကျေးရွာများမှ ကော်မတီဝင်များအား ယခုလို အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။    

ယင်းနောက် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအား စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရေထုလေထု ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများနှင့် ကာကွယ်ရေးနည်းလမ်းများ၊ စွန့်ပစ်အမှိုက်စီမံခန့်မှုစနစ်၊ ယင်လုံအိမ်သာကျင့်သုံးတက်စေရန်၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မြေယာပြုပြင်ခြင်း၊ မြေဆီလွှာလိုက်စားမှုကာကွယ်ခြင်း၊ ဓါတုဗေဒသုံး စိုက်ပျိုးရေး ပစ္စည်း လျှော့ချသုံးစွဲခြင်းနှင့်  သဘာဝမြေသြဇာ၊ အော်ဂဲနစ်သွင်းအားစုများ သုံးစွဲမှုမြှင့်တင်ခြင်း အကြောင်းအရာများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျေးရွာ (၉)ရွာမှ သင်တန်းသား (၁၈)ဦးတက်ရောက်ခဲ့ပြီး ၎င်းသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)