မိတ္ထီလာ၊ ၇ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက ၂၂၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP)အရ စိုက်ပျိုးရေးတောင်သူများ သီးနှံထုတ်လုပ်မှု ကွင်းဆက် တိုးတက်မြင့်မားရေး အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် စပါးသီးနှံများ အမြတ်အစွန်း များများရရှိပြီး တစ်ဧက ဝင်ငွေတိုးစေရန်အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန်၊ စပါး မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးအစီအစဉ်မှာ တောင်သူလယ်သမားများ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ တောင်သူအချင်းချင် စိုက်ပျိုးထုတ်လုပ်ရရှိသော စပါးမျိုးကောင်းမျိုးသန့်များအား လိုသလောက် လွယ်လွယ်ကူကူအချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကာလအတွင်း တောင်သူလယ်သမားကြီးများ စီးပွားရေး ကြပ်တည်းမှုကို ကုစားနိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ မြို့နယ်အတွင်း၌ CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကများ စိုက်ပျိုးနိုင်စေရန် မိုးစပါးမျိုးထုတ် တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ဆည်ရေသောက်စနစ်နှင့် မိုးကောင်းရေသောက်စနစ်တို့ဖြင့် မိုးစပါးစိုက်ပျိုးဧက ၁၀၃၁၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများကို ကျေးရွာအုပ်စု (၁၁)အုပ်စုရှိ တောင်သူ (၉၈)ဦးမှ စိုက်ဧက ၂၂၅ဧက စိုက်ပျိုးခဲ့ရာ အဆိုပါ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား နိုင်ငံတော်မှ မနောသုခမျိုးစေ့စိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၁၄၈၅၀၀ နှင့် ဧရာမင်း မျိုးစေ့ထုတ် စိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၁၅၀၅၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


