မိတ္ထီလာ အောက်တိုဘာ ၃၀

မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် မိုးစပါးစိုက်ဧက ၄၂၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ သည့်အတွက် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ၊ ကန်ရေ သောက်စနစ်ဖြင့်  ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းသည့် မနောသုခ မျိုးစပါးများကို အဓိက ရွေးချယ်စိုက်ပျိုး လျက်ရှိသည်။ ယခုနှစ်တွင် ဆည်ရေ၊ ကန်ရေ သောက်စနစ်ဖြင့် မိုးစပါးများကို စက်တင်ဘာလ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ဧက ၄၂၄၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးစပါးများကို ဆည်ရေကန်ရေဖြင့် စိုက်ပျိုးရာတွင် မိတ္ထီလာကန်ရေဖြင့် ၁၅၄၆ ဧက၊ မုန်တိုင်ဆည်ရေဖြင့် ၄၈၇ ဧက၊ ချောင်းကောက်ဆည်ရေဖြင့် ၁၇၁၁ ဧက၊ မြင်တော်ကန် ကန်ရေဖြင့် ၁၄၈ ဧက၊ ညောင်ကုန်းဆည်ရေဖြင့်  ၁၅၄ ဧက၊ လက်ခုပ်ပံဆည်ရေဖြင့်  ၁၆၄ ဧက၊ လွန်ငင်ဆည်ရေဖြင့်  ၁၃ ဧက၊ ရှမ်းမငယ်ဆည်ရေဖြင့် ဧက ၂၀ တို့ကို  စိုက်ပျိုးနိုင်ခဲ့သည်။ မိတ္ထီလာမြို့နယ်တွင် ယမန်နှစ်က မိုးစပါးစိုက်ပျိုးဧက ၂၇၇၇ ဧကသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုများပြီး မြို့နယ်အတွင်းရှိ ဆည်များ ကန်များတွင် ရေဝင်ရောက်မှုများသည့်အတွက် မိုးစပါးစိုက်ဧက ၄၂၄၃ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယမန်နှစ်ထက် မိုးစပါးစိုက်ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)