မိတ္ထီလာ ၂၀ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဒေသခံထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးလက်လမ်း (၁၄)လမ်းနှင့် တံတား တစ်စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၅၈၀.၂၉၀ဖြင့် အောက်တိုဘာလ ပထမပတ်မှ စတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူပြီး ကတ္တရာလမ်း (၂)လမ်း၊ ကွန်ကရစ်လမ်း(၆)လမ်း၊ ကျောက်ချော လမ်း(၃)လမ်း၊ ဂျင်းမြေခင်းလမ်း(၃)လမ်းနှင့် ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၎င်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလအကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


