မိတ္ထီလာမြို့နယ်တွင် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်းသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြား

မိတ္ထီလာ၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ရိုးရာရက်ကန်း ပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်းသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

 

ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ရိုးရာရက်ကန်းပညာကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျွမ်းကျင်သော အထည်အလိပ် အတက်ပညာရှင်များ မွေးထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်တို့အတွက် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့ကို နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်းကြားပေးလျက်ရှိသည်။

 

ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ စက်ရက်ကန်း၊ ဆေးဆိုး၊ လက်ရက်ကန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ စက်ချည်မျှင်ဆွဲ၊ အမျှင်ကုန်ကြမ်း ဘာသာရပ်များနှင့် စက်ချုပ်နည်းပညာကို သင်တန်းသား သင်တန်းသူ ၁၈ ဦးဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့ လက်တွေ့ သင်ကြား ပို့ချပေးလျက်ရှိသည်။

 

၎င်းအပြင် လက်ရက်ကန်း ခြောက်လသင်တန်းကို လက်ရက်ကန်း၊ ဆေးဆိုး၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည်မျှင်ဆွဲ ဘာသာရပ်များကို ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာလအကုန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၎င်းသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက်လျက်ရှိသည်။

 

mdn

 

အဆိုပါ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လ သင်တန်းများတွင် သင်တန်းတက်ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၈ နှစ်အတွင်း အိမ်ထောင် မရှိသူ ဖြစ်ရမည့်အပြင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း တက်ရောက်လိုသူများမှာ အလယ်တန်း အောင်ရမည်ဖြစ်ပြီး လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်သူများမှာ မူလတန်း အောင်မြင်ရမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ အဆောင်တွင် အခမဲ့ နေထိုင်ခွင့်ပြုသည့်အပြင် ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေး လျက်ရှိသည်။ ၎င်းအပြင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်အလိပ် စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့်အထိ ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)