မိတ္ထီလာ ၁၃ ဇူလိုင်
မိတ္ထီလာမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းသူကျောင်းသားများအား ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ မှ စတင်ပြီး ကျောင်းအပ်နှံရေးလက်ခံမှုကို အထက်တန်းကျောင်းများ၌ ဆောင်ရွက်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၆ ကျောင်း ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲအဆင့် ၁၂ ကျောင်း စုစုပေါင်း အထက်တန်းကျောင်းအဆင့် ၂၈ ကျောင်းတွင် ကျောင်းအပ်နှံရန် လာရောက်သော ကျောင်းသူကျောင်းသားများနှင့် ကျောင်းသားမိဘများအတွက် လက်ဆေးကန်များ စနစ်တကျထားရှိပေးခြင်း ၊ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သတ်မှတ် နေရာများ အတိုင်း နေရာယူကျောင်းအပ်နှံစေခြင်း စသည်နည်းလမ်းများဖြင့် အဆင်ပြေ ချောမောစွာ ကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
အခြေခံပညာ အထက်တန်းအဆင့် ကျောင်းအပ်နှံရေး ရက်သီတင်းပတ်ကို ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ သတ်မှတ်ထားပြီး မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူများအားလုံး ဝိုင်းဝန်းကူညီစို့ ဆောင်ပုဒ်ဖြင့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းအပ်နှံလက်ခံရေးကို နိုင်ငံတစ်ဝန်းကျောင်းများ၌ ဆောင်ရွက် လျက်ရှိသည်။
အလားတူ အလယ်တန်းအဆင့်အား ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိလည်းကောင်း ၊ မူလတန်း အဆင့်အား ဩဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ လည်းကောင်း ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)


