မိတ္ထီလာ ၁၇ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး Talk Show အစီအစဉ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က Online စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးမျိုးမင်းဇော်က ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး Talk Show ကျင်းပရခြင်းအကြောင်းကို ပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာထူးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှတ် (၁) လူကုန် ကူးမှုတားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ရဲအုပ်သူရက ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဥပဒေပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာရရှိစေရန် ယခင်က စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ပြည်သူ့စကားဝိုင်းများ ပြုလုပ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ စာကြည့်တိုက်များ ယာယီပိတ်ထားရ၍ Online စနစ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်များ၊ စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်အစီအစဉ်များ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အစီအစဉ်များကို အပတ်စဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


