မိတ္ထီလာ၊ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းတို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြို့နယ်အတွင်း၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကို တစ်ယူနစ်သာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေမှာ တစ်ယူနစ်လျှင် ငွေကျပ် သိန်း(၃၀၀) ခွင့်ပြုထောက်ပံ့မည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကို ကျေးရွာသူကျေးရွာသားများမှ ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကန်သာကျေးရွာမှ မြစိမ်းရောင်ကျေးရွာကော်မတီအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူတို့မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကန်သာကျေးရွာမှ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)