မိတ္ထီလာ ၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် မြေအောက်ရေဖြင့် တိုင်ထောင်ခရမ်းချဉ်ပင်စိုက်ပျိုးခြင်းဖြင့် စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
မြေအောက်ရေဖြင့် တိုင်ထောင်ခရမ်းချဉ်ပင်ကို တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလျက်ရှိရာ မိုးဦးကာလ ဖြစ်သည့် ကဆုန်လနှင့် မိုးနှောင်းကာလဖြစ်သော သီတင်းကျွတ်လတို့တွင် ခရမ်းချဉ်ပင်ကို ပျိုးထောင် စိုက်ပျိုးလျက်ရှိပြီး ခရမ်ချဉ်မျိုးစေ့ ၁၃၀၀ မှ ၁၅၀၀ အထိ ပါရှိသည့် မျိုးစေ့ထုပ် တစ်ထုပ်လျှင် ငွေကျပ် တစ်သောင်း နီးပါးပေးရသည်။ ပျိုးပင်များ ၂၅ ရက်ကျော်လာပါက ရွှေ့ပြောင်းစိုက်ပျိုးကြသည်။ အဆိုပါ ခရမ်းချဉ်ပင်များ စိုက်ပျိုးပြီး သုံးလအကြာတွင် ခရမ်းချဉ်သီးများ စတင်ခူးဆွတ်ရပြီး နှစ်ရက်တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တိုင်ထောင်ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်းပါက ခရမ်းချဉ်ပင် တစ်ပင်လျှင် ခရမ်းချဉ်သီး နှစ်ပိဿာကျော် ထွက်ရှိကြောင်း ကြာအင်းကျေးရွာမှ တိုင်ထောင်ခရမ်းချဉ်ပင် စိုက်ပျိုးသူ ဦးအောင်သိုက်က ပြောပြ၍ သိရသည်။
မြေအောက်ရေဖြင့် တိုင်ထောင်ခရမ်းချဉ်အပြင် ကြက်သွန်၊ တိုင်ထောင်ပဲများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ခရမ်းချဉ်သီးများကို မိတ္ထီလာမြို့သို့ သွားရောက်ရောင်းချရာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ရောင်းချရကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)