မိတ္ထီလာ ဒီဇင်ဘာ ၁    

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း လေးရာကျော်ဖြင့်  ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၂၉.၈၈၂သန်း ဖြင့် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကန်တောင်၊ ဒဟတ္တန်း၊ ကွက်ငယ်၊   ပန်းတင်း၊ အင်အုံး၊ ပန်းသွင်း၊ ဝါးရုံ၊ အိုင်ကြီးလည်ကျေးရွာများမှ ဒေသခံများ ရာသီမရွေး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)