မိတ္ထီလာ ၁၀ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိသော စက်သံဆူညံပါဝါအိတ်ဇောများအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခြင်းကို သြဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးရုံဝန်းအနီးတွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကောင်းမွန်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယဉ်ထိန်းရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့်အပြင် ဆိုင်ကယ်များတွင် စက်သံဆူညံစေသော ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား အသိပညာပေးခြင်း၊ စစ်ဆေးအရေးယူခြင်း၊ တရားစွဲတင်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလမှ ယနေ့အချိန်အထိ သိမ်းဆည်းရမိသည့် စက်သံဆူညံပါဝါအိတ်ဇော (၁၆၃)ခုကို လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း နောင်တွင်လည်း ယခုလို စက်သံဆူညံစေသော ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား အသိပညာပေးဆောင်ရွက်၍ သိမ်းဆည်းရမိသော စက်သံဆူညံပါဝါအိတ်ဇောများအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုရဲမှူးရန်နိုင်က ပြောကြားခဲ့သည်။
၎င်းအပြင် မိတ္ထီလာမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေကို သိရှိစေရန် အသိပညာပေးလုပ်ငန်း (၂၃)ကြိမ်ပြုလုပ်ပြီး ၂၀၂၀ ပြည်နှစ်အတွင်း စည်းကမ်းပျက်မော်တော်ယာဉ် (၄၆)စီးနှင့် မော်တော်ဆိုင်ကယ် (၂၅၃)စီးတို့ကို အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်ကို ၂၀၁၉ခုနှစ်တွင် (၁၆)စီးနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယနေ့အထိ (၁၂)စီးတို့ကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုရဲမှူးရန်နိုင်နှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)