မိတ္ထီလာ  ၂၆  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၅၈၀ ကျော်ဖြင့် ကျေးလက်လမ်း ၁၄ လမ်းနှင့် တံတား တစ်စင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

 

mdn

 

ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၅၈၀.၂၉၀ ဖြင့် ကတ္တရာလမ်း (၂)လမ်း၊ ကွန်ကရစ်လမ်း(၆)လမ်း၊ ကျောက်ချော လမ်း(၃)လမ်း၊ ဂျင်းမြေခင်းလမ်း(၃)လမ်း၊ ကွန်ကရစ်တံတားနှင့်ချဉ်းကပ်လမ်းအဖြစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး အောက်တိုဘာလ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ လမ်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို  ဒီဇင်ဘာလအကုန်တွင် အပြီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)